အမှတ်တရတွေကို မေ့ပျောက်မသွားစေချင်ရင် ငါးစားပါ
ငါးစားရင် ဉာဏ်ကောင်းတယ်။ ဒါက ဂျင်းသက်သက် ဟုတ်မနေတဲ့ အမှန်တရားပါ။ ငါးက ကြော်စား၊ ဟင်းချက်ချက်၊ မုန့်ဟင်းခါး၊ မုန့်တီ စတာတွေမှာ ထည့်စားကြသလို ငါးသံပုရာပေါင်း၊ ငါးကငါဆိုပြီး အမျိုးမျိုး လုပ်စားဖြစ်ကြပါတယ်။ ဒီလို အမျိုးမျိုး လုပ်စားဖြစ်တဲ့ ငါးစားရင်း ဘယ်လို ကောင်းကျိုးတွေ ရမလဲဆိုတာကို ဖတ်ကြည့်လိုက်စို့နော်။
ငါး ဆိုရာဝယ်
ငါးဆိုရင် ကြိုက်သူက နည်းပါတယ်။ ငါးကို အရိုးနွှင်ရတာကြောင့် မစားဖြစ်ဘူးဆိုတဲ့ သူတွေက ခပ်များများပါ။ တကယ်ကတော့ ငါးစားတာက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
ငါးက ရေချိုငါးတဲ့ ရေငန်ငါးဆိုပြီး ၂ မျိုးရှိပါတယ်။ ရေချိုသယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာတော့ ရေချိုငါးကို ပိုစားဖြစ်ကြပါတယ်။ ငါးက နေထိုင်ရာ ဒေသ နဲ့ အမျိုးအစားကို လိုက်ပြီး အာဟာရ ကွာခြားချက် အနည်းငယ် ရှိပေမယ့် ကျန်းမာရေး ကောင်းကျိုးတွေကတော့ အတူတူပါပဲ။
ငါးမှာ ဘာတွေပါလဲ
ငါးမှာ ပရိုတင်း၊ ဗီတာမင် ဒီ၊ အိုမီဂါသရီး (ပင်လယ်ငါးများတွင်)၊ အိုင်အိုဒင်း၊ သံဓာတ်၊ ဖော့စဖရိတ်၊ ဇင့်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပါတယ်။
မေ့တတ်မှာစိုးရင် ငါးစားပါ
မှတ်မိနိုင်စွမ်းတွေ ကျလာပြီး အရာရာကို မေ့တတ်မှာစိုးရင် ငါးစားပါ။ ငါးမှာ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ပရိုတင်းက ပြည့်ပြည့်ဝဝ ပါဝင်နေပါတယ်။ ပင်လယ်ငါးတွေမှာဆိုရင် အိုမီဂါသရီး ပါဝင်နေတာက ဦးနှောက်ကို အားဖြည့်ပေးပြီး မမေ့တတ်အောင် ကာကွယ်ပေးပါတယ်။
ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေဖို့ တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် ၂ ကြိမ်လောက် ငါးစားပေးပါ။ ဒီလို စားပေးတဲအခါ ကြော်စားတာ၊ ကင်စားထားတာထက် ဆီနည်းနည်းနဲ့ ချက်တာ၊ ပြုတ်စားတာ ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။
ငါးက ကလေးတွေကို ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးပြီး လူကြီးတွေကို ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။ ငါးစားတာက မမေ့တတ်စေဖို့အပြင် အခုလို ကောင်းကျိုးတွေကိုလည်း ပေးပါသေးတယ်။
Alzheimer’sဖြစ်နိုင်ခြေ လျှော့ချပေးတယ်
ငါးက ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေပြီး Alzheimer’sဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။
အသားအရေ လှပစေတယ်
ငါး အထူးသဖြင့် အိုမီဂါသရီး ပါဝင်တဲ့ ငါးတွေက အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
ဆံသား ကျန်းမာစေတယ်
ငါးမှာပါတဲ့ ပရိုတင်း နဲ့ အဆီဓာတ်တွေက ဦးရေပြား ကျန်းမာစေပြီး ဆံသားသန်စွမ်းလှပအောင် အားဖြည့်ပေးပါတယ်။
စိတ်ဓာတ်ကျမှု ကင်းစေတယ်
အိုမီဂါသရီး ပါဝင်တဲ့ ငါးကို တစ်ပတ် ၂ ကြိမ်လောက် စားပေးတာက စိတ်ဓာတ်ကျမှု ကင်းဝေးစေမယ့် နည်းလမ်းကောင်းပါ။
နှလုံးကျန်းမာစေတယ်
ငါးမှာပါတဲ့omega-3 fatty acid က နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေတာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ စားပေးရုံနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို 50% လျှော့ချရာရောက်ပါတယ်။
အိပ်ပျော်စေတယ်
ငါးမှာ ဗီတာမင် ဒီ ပါဝင်နေတာကလည်း ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးပါတယ်။
နာတာရှည် ရောဂါတွေ ကာကွယ်ပေးတယ်
ငါးစားတာ ဆီးချို အပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မျက်စိကျန်းမာစေတယ်
ငါးမျာပါဝင်နေတဲ့ အာဟာရဓာတ်တွေက မျက်စိအားကောင်းစေဖို့ ထောက်ကူပေးပါတယ်။
လေမဖြတ်အောင် ကာကွယ်ပေးတယ်
ငါးကနေရတဲ့ အဆီက ဦးနှောက် ကျန်းမာစေသလို လေမဖြတ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။
ဝက်ခြံသက်သာစေတယ်
ငါးက အသားအရေကို ကျန်းမာစေပြီး ဝက်ခြံကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ရေးသားသူ - မွန်မွန်